Back

ကျွန်တော့်ရဲ့ လက်ဦးဆရာဖြစ်တဲ့ Allen B. Downey ရဲ့ How To Think Like A Computer Scientist ဆိုတဲ့ စာအုပ်ကြောင့်မလို့ဆိုရမလားတော့မသိဘူး၊ ယခုထက်ထိ ကျွန်တော် ပြဿနာတွေကို ချည်းကပ်တဲ့အခါ တတ်နိုင်သမျှ ဘေးနားက “noise” တွေကိုဖယ်ပြီး ယေဘူယျဆန်ဆန်ကြည့်ဖြစ်တယ်။ root cause က ဘာလဲပေါ့နော်။

ကျွန်တော်တွေ့မိသလောက် စတင်လေ့လာနေတဲ့လူငယ်တွေ (တချို့ experience ရှိပြီးသား စီနီယာတွေ) က problem solving (system design ပဲဆိုပါတော့) မှာ အားနည်းကြတာတွေ့ရတယ်။ language က သင်လို့ရတယ်၊ framework က လေ့လာလို့ရတယ်၊ ဒါပေမယ့် ဘာမှ ရေရေရာရာရှင်းရှင်းလင်းလင်း မရှိတဲ့ မြေပြင်က အခက်အခဲတွေကို တွေ့တဲ့အခါမှာ ဘယ်က စ ရမယ်မှန်းမသိတော့ဘူး ဖြစ်သွားတတ်ကြတယ်ပေါ့။ ဒါကြောင့် beginner လူငယ်တွေပြောပြောနေကြတဲ့ ဘယ်က စ ရမလဲမသိဘူးတို့၊ database structure မချတတ်ဘူးလို့ဆိုတဲ့ semantic နဲ့ဆိုင်တဲ့ ပြဿနာတွေဖြစ်လာတာပေါ့။ ဒီကိိစ္စတွေက ကျွန်တော်သုံးသပ်မိသလောက်တော့၊ ကိုယ်ပိုင် တယောက်တည်း project တွေများများမရေးဖူးတာရယ်၊ product မှာ ownership သိပ်မရတဲ့ အလုပ်တွေမှာ လုပ်နေရတာရယ်ကြောင့်ဖြစ်တယ်။ ကိုယ့်ရဲ့ problem solving skill ကောင်းလာအောင် ကျွန်တော်အနည်းငယ် အကြံပေးနိုင်တာတွေကတော့

၁။ SQL ကိုလေ့လာပါ SQL ကို ပိုင်နိုင်တဲ့အခါ system တခုလုံးကို SQL relationships တွေနဲ့ဘဲ စိတ်ထဲမှာ ပုံဖော်ကြည့်တတ်သွားမယ်။ အဲ့လို mental modeling အားကောင်းလာတဲ့အခါမှာ ကိုယ့်ရဲ့ system design ကို လိုရင်လိုသလို စိတ်ထဲမှာ မြန်မြန်ပြင်လာနိုင်မယ်ပေါ့။ အရာအားလုံးက one-to-many, many-to-many relationships တွေနဲ့ တည်ဆောက်လို့ရတာ သိလာလိမ့်မယ်။ (note: ဒါကြောင့်လဲ ကျွန်တော်က MongoDB usage ကို beginners တွေအတွက် အင်မတန် အားမပေးတာ။ သူတို့ရဲ့ problem solving skill ကို အရမ်းထိခိုက်တယ်)

၂။ တယောက်တည်း project တွေရေးကြည့်ပါ ဒီမှာက fullstack web developer ဖြစ်ရမယ်ပြောတာမဟုတ်ဘူး။ ဘယ် language နဲ့မဆို CLI ဘဲရေးတတ်လဲ ပြဿနာတွေက ဖြေရှင်းလို့ရတယ်။ (၁၉၆၉လောက်တုန်းက punchcards တွေနဲ့တောင် လူတွေကို လ ပေါ်ရောက်အောင် ပို့ခဲ့သေးတာပဲ) အဲ့တော့ ကိုယ့်ပတ်ဝန်းကျင်က လူတွေမှာ တကယ်ကြုံတွေ့နေရတယ့် ပြဿနာတွေကို ရှာ၊ သူတို့ရဲ့ တကယ့် အခက်အခဲ root cause ကိုရှာ၊ ပြီးတော့ ကြိုးစားပြီးဖြေရှင်းကြည့်ပေါ့။ ကြားထဲမှာ ကိုယ်ထပ်သိရမယ့် နည်းပညာတွေကို အလိုလို လေ့လာပြီးသားဖြစ်သွားလိမ့်မယ်။ နောက်လုပ်လို့ရတာတွေလဲ ရှိပါသေးတယ်။ လောလောဆယ်အဲ့ နှစ်ခုနဲ့တင် တော်တော်အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။